“ သာသနာ့ရောင်ခြည် ”: သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - (၈)ကြိမ်မြောက် အလှူတော်

Sunday, May 16, 2010

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - (၈)ကြိမ်မြောက် အလှူတော်

- ၁၃၇၁ ခုနှစ် တန်ခူးလဆန်း ၁၄ ရက် - တနင်္ဂနွေနေ့
- 28 March 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၈)ကြိမ်မြောက် အလှူတော်ကို ယခင်လတွင် ဆန္ဒရှိခဲ့ကြသည့်အတိုင်း ယနေ့ Clementi မြန်မာ ဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်းကပ်ခဲ့ကာ ကြွရောက်လာကြသော ပရိသတ်များကို  မုန့်ဟင်းခါး ကျွေးမွေးခဲ့ပါတယ်။ဆရာတော် ဒေါက်တာဦးဝိစိတ္တ အရှင်သူမြတ်မှ ဒကာ၊ ဒကာမများအား ကရုဏာ ရှေ့ထားကာ နိဗ္ဗာန် ရောက်ကြောင်း တရားမြတ်များ ဟောကြားခဲ့ပါတယ်။
“ရှာဖွေရလာထိုဥစ္စာ လုံစွာထိန်းရမယ်။
မိတ်ကောင်းဆွေကောင်း အမှီကောင်း အပေါင်းရှိရမယ်။
ဝင်ငွေထွက်ငွေ ချိန်ဆလေ မျှဝေသုံးစွဲပါ။
သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ သမ္ပဒါ လေးဖြာ ညီရမယ်။
လေးဖြာညီမှ နိဗ္ဗာန မုချ ရောက်မည်သာ။”

ဒကာ၊ ဒကာမလေးတွေ ခုလိုမိဘနဲ့ ဝေးတဲ့ တပြည်တစ်ရွာမှာ ငွေလာရှာတယ်။ ခုလို မိမိ တရားသဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာများကို အပျောက်အရှ မရှိအောင် ထိန်းသိမ်းတတ်ပြီး ဝင်ငွေ ထွက်ငွေ ချင့်ချိန်ကာ သုံးစွဲတတ်ရမယ်။ မိမိဘဝ လောကီ၊ လောကုတ် ကောင်းကျိုးရဖို့ ကလျာဏ မိတ်ဆွေများ၊ မိမိအကျိုး လိုလားသော  သူငယ်ချင်းကောင်းများ မိမိဘဝမှာ ရှိဖို့ အရေးကြီး ပါတယ်။ ပြီးတော့ သဒ္ဓါ (ကောင်းတာ လုပ်ရင် ကောင်းကျိုး ခံစားရမည်ဟု ယုံကြည်ခြင်း) သီလ (ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်း) စာဂ (ပေးကမ်း လှူဒါန်းခြင်း) ပညာ (ဝိပသနာ ဦးစီးသော ဥာဏ်ပညာ) အဲဒီလေးချက် ညီအောင် ကြိုးစား ရမယ်။ အဲဒီလို ပြည့်စုံအောင် ကြိုးစားမှ မိမိတို့ မျှော်မှန်းသော နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ 
ပုထုဇဉ်တို့ရဲ့ လားရာဟာ မမြဲဘူးလား မြဲလား။ မမြဲပါဘူးဒကာ၊ ဒကာမလေးတို့။ ပုထုဇဉ်သေရင် သွားရာလမ်း () မျိုးရှိပါတယ်။ အဲဒီလားရာ (၅)မျိုးဟာ ဘာတွေတုန်းဆိုတော့  နတ်ပြည်၊ လူ့ပြည်၊ ငရဲဘုံ၊ ပြိတ္တာဘုံ၊ အသူရကါယ်ဘုံတွေ ရောက်နိုင်ပါတယ်။ လူ့ပြည်က ဘာကြီးနဲ့တူလည်းဆိုတော့ ရထားကြီးနဲ့ တူပါတယ်။ လက်မှတ်ကတော့ နိဗ္ဗာန်ထိယူထားကြတယ်ပေါ့။ ကိုယ်က လမ်းဆုံးအောင် ကြိုးစားပြီး လိုက်မယ်ဆိုရင် လမ်းဆုံးကို ရောက်မယ်။ အဲ... လမ်းဘူတာတွေမှာ ဖြတ်ဆင်းရင်တော့လည်း ရကြပါတယ်။ ဒုက္ခတိဘုံ သုံးဘုံ ဆင်းမိရင်တော့ သံသရာကြော မျှောကာ အဆုံးမသတ်နိုင်အောင် ဆင်းရဲကြပါမယ်။ သုဂတိဘုံတွေ ရောက်ကြမယ် ဆိုရင်တော့ မောပန်းနေတာလေးတွေ ချွေးသိပ်လို့ ခေတ္တခဏ အမောပြေလို့ ရကြပါမယ်။ အဲဒါက စိတ်တော့မချရသေးပါဘူး။ စိတ်ချရအောင်က အသင်္ခတနိဗ္ဗာန်တိုင်မှ စိတ်ချရပါမယ်။ အဲဒီလမ်းဆုံး နိဗ္ဗာန် သွားချင်ရင်တော့ဘာတွေ လုပ်ရမလဲ။ အဲဒီပြောခဲ့တဲ့ တရားလေးပါး သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးပါးကို လက်ကိုင်ထား ကြိုးစားကာ မိမိတို့ လိုလားရာ တောင့်တရာ ခရီးဆုံး နိဗ္ဗာန် ရောက်နိုင်ပါတယ်။ ကဲ... တရားလည်းနာပြီးပြီ နာတဲ့အတိုင်း တရားနဲ့ နေနိုင်တဲ့ပုဂ္ဂိုလ်များ ဖြစ်ကြ ပါစေဗျာ...
ကဲ ….ရေစက်ချမယ်
ပြုပြုသမျှ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များအား အမျှပေးဝေပါ၏။
အမျှ... အမျှ... အမျှ... ယူတော်မူကြပါကုန်လော့…..
သာဓု...
သာဓု...
သာဓု...။

*မှတ်ချက်။  ။ တစုံတရာ မှားယွင်းပါက စာရေးသူ၏ မှတ်တမ်းတင် အားနည်းမှု ကြောင့်သာ ဖြစ်ပါသည်။
“မှတ်တမ်းတင်ဓါတ်ပုံများ အဖွဲ့ဝင်များတွင် ရှိပါက သာသနာ့ရောင်ခြည်အဖွဲ့သို့ ပေးပို့စေလိုပါသည်။”
သာသနာ့ရောင်ခြည်၏ (၉) ကြိမ်မြောက် အလှူဒါန အဖြစ် မေလ (၂) ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဖွဲ့ဝင်များနှင့် ဓမ္မကျွမ်းဝင် သူတော်စင်များအား နှိုးဆော် တိုက်တွန်း လိုက်ပါသည်။

No comments:

Post a Comment