“ သာသနာ့ရောင်ခြည် ”

Monday, May 24, 2010

(၁၀)ကြိမ်မြောက်အလှူတော်အတွက် နှိုးဆော်ခြင်း

သာသနာ့ရောင်ခြည်အဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများခင်ဗျား......
လာမည့် မေလ (၃၀) ရက် တနင်္ဂနွေနေ့တွင် သာသနာ့ရောင်ခြည်အဖွဲ့၏ (၁၀) ကြိမ်မြောက်အလှူတော်ကို clementi ကျောင်းတော်၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
  • အလှူအတန်းအစီအစဉ်များမှာ နေ့ခင်း (၁၁)နာရီ တွင် ဆရာတော်အား နေ့ဆွမ်း ဆက်ကပ်ပါမည်။
  • ကြွရောက်လာသော ဓမ္မမိတ်ဆွေများကို မနက် (၉:၃၀) နာရီမှ စတင်၍ ဒံပေါက် ဖြင့် ဧည့်ခံပါမည်။
  • ထို့နောက် ဆရာတော်အား လှူဒါန်းဖွယ်ရာများ ဆက်ကပ် လှူဒါန်းပြီးနောက် ဆရာတော်ထံမှ ရေစက်ချတရား စုပေါင်းနာယူ ကြမှာ ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများ အားလုံး ကြွရောက် ကုသိုလ် ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။
 ( ဓမ္မမိတ်ဆွေများအားလုံးခင်ဗျား Clementi ကျောင်းတော်တွင် နေ့ခင်းပိုင်း ၁နာရီ ၌ ထူးကြီးဆရာတော်တရားပွဲ ရှိပါသဖြင့် သာသနာ့ရောင်ခြည်၏ အလှူတော်ကို နေ့ခင်း ၁၂ နာရီတွင် ပြီးစီးအောင် ကျင်းပမည်ဖြစ်ရာ ဓမ္မမိတ်ဆွေများအားလုံး စောစောကြွရောက်ကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ )

Wednesday, May 19, 2010

သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ) - (၉)ကြိမ်မြောက် အလှူတော်

- ၁၃၇၂ ခုနှစ် ကဆုန်လပြည့်ကျော် ၅ ရက် - တနင်္ဂနွေနေ့
- 2 May 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ) ရဲ့ (၉) ကြိမ်မြောက် အလှူတော်ကို April လတွင် ပြုလုပ်ရန် ရည်ရွယ် ထားခဲ့ ကြသော်လည်း Clementi ဘုန်းတော်ကြီးကျောင်း၌ မင်္ဂလာဆွမ်းကပ် အစီအစဉ် တစ်ခု ရှိနေ၍ တစ်ပတ် နောက်တိုးကာ မေလ (၂) ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။
ဤရက်ပိုင်းတွင် ရက်ရွှေသည့်အတွက် အချို့ အဖွဲ့ဝင်များအား ဆက်သွယ် သတင်းပေးမှု အားနည်းခဲ့ သော်လည်း အဖွဲ့ဝင်များစွာ စုံစုံညီညီ တက်ရောက်တာကိုတွေ့ရ၍ အားလုံး ၀မ်းသာကြည်နူး ခဲ့ကြပါတယ်။
အဖွဲ့ဝင်များအား ဒီတပတ်မှာ မုန့်ဟင်းခါး နှင့် ကုသိုလ်လုပ်ကာ ဘုန်းတော်ကြီးကျောင်းအား လာရောက်သမျှ ဓမ္မမိတ်ဆွေများအားလည်း  ဧည့်ခံ ကျွေးမွေး ကုသိုလ်ယူခဲ့ကြပါတယ်။

ဆွမ်းကပ်နေစဉ်။

အဖွဲ့ဝင် လူကြီးများ ဆွမ်းကပ်သလို...

လူငယ်များလည်း...

အခုလို တက်ညီလက်ညီ ကုသိုလ် ယူခဲ့ကြပါတယ်။

ဆရာတော်များ ဆွမ်းဘုဉ်းပေးနေကြစဉ်။

ဆရာတော်(၂)ပါးကလည်း အားရပါးရ တရားပေးခဲ့ကြပါတယ်။

ဆရာတော်တွေရဲ့ တရားတော်များအား နာကြားမှတ်သား ခဲ့ကြပါတယ်။

အဖွဲ့ကိုယ်စား ကိုဝင်းနိုင်မှ ဘုန်းတော်ကြီးကျောင်းအတွက် ၀တ္ထုငွေ ကပ်လှူခဲ့ပါတယ်။

 ရေစက်ချတရား နာယူနေကြစဉ်။

အခုလို ဘုန်းတော်ကြီးများအား နေ့ဆွမ်းကပ်၊ အဖွဲ့ဝင်များနှင့် ဓမ္မမိတ်ဆွေများအား မုန့်ဟင်းခါးနှင့် ဧည့်ခံ ကျွေးမွေး၊ ဗုဒ္ဓတရားတော် များနာကြား၊ ရေစက်ချအမျှဝေခြင်းများအပြင် ၀ိပဿနာတရား အားထုတ်ခြင်း အလုပ်ဖြစ်သော တရားထိုင်ခြင်းကိုပါ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် န၀ကမ္မအလှူငွေ စင်္ကာပူဒေါ်လာ (၅၀၀) ကို သံဃာ့ကုသိုလ်ဖြစ် ဆေးခန်းအတွက် ရွှေပြည်ဟိန်းဆရာတော်အား  လှူဒါန်းခဲ့ကြပါသေးတယ်။
နောက်လာမယ့် သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၁၀)ကြိမ်မြောက် အလှူတော် ကိုလည်း Clementi ဘုန်းတော်ကြီးကျောင်း၌ မေလ (၃၀)ရက် - တနင်္ဂနွေနေ့တွင် ပြုလုပ်ရန် အားလုံးတိုင်ပင် သဘောတူ ခဲ့ကြပါတယ်။ လိုအပ်သည့် တာဝန်များကိုလည်း ညီညွတ်စွာ ခွဲဝေမျှယူ ခဲ့ကြပါတယ်...

Sunday, May 16, 2010

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - (၈)ကြိမ်မြောက် အလှူတော်

- ၁၃၇၁ ခုနှစ် တန်ခူးလဆန်း ၁၄ ရက် - တနင်္ဂနွေနေ့
- 28 March 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၈)ကြိမ်မြောက် အလှူတော်ကို ယခင်လတွင် ဆန္ဒရှိခဲ့ကြသည့်အတိုင်း ယနေ့ Clementi မြန်မာ ဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်းကပ်ခဲ့ကာ ကြွရောက်လာကြသော ပရိသတ်များကို  မုန့်ဟင်းခါး ကျွေးမွေးခဲ့ပါတယ်။ဆရာတော် ဒေါက်တာဦးဝိစိတ္တ အရှင်သူမြတ်မှ ဒကာ၊ ဒကာမများအား ကရုဏာ ရှေ့ထားကာ နိဗ္ဗာန် ရောက်ကြောင်း တရားမြတ်များ ဟောကြားခဲ့ပါတယ်။
“ရှာဖွေရလာထိုဥစ္စာ လုံစွာထိန်းရမယ်။
မိတ်ကောင်းဆွေကောင်း အမှီကောင်း အပေါင်းရှိရမယ်။
ဝင်ငွေထွက်ငွေ ချိန်ဆလေ မျှဝေသုံးစွဲပါ။
သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ သမ္ပဒါ လေးဖြာ ညီရမယ်။
လေးဖြာညီမှ နိဗ္ဗာန မုချ ရောက်မည်သာ။”

ဒကာ၊ ဒကာမလေးတွေ ခုလိုမိဘနဲ့ ဝေးတဲ့ တပြည်တစ်ရွာမှာ ငွေလာရှာတယ်။ ခုလို မိမိ တရားသဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာများကို အပျောက်အရှ မရှိအောင် ထိန်းသိမ်းတတ်ပြီး ဝင်ငွေ ထွက်ငွေ ချင့်ချိန်ကာ သုံးစွဲတတ်ရမယ်။ မိမိဘဝ လောကီ၊ လောကုတ် ကောင်းကျိုးရဖို့ ကလျာဏ မိတ်ဆွေများ၊ မိမိအကျိုး လိုလားသော  သူငယ်ချင်းကောင်းများ မိမိဘဝမှာ ရှိဖို့ အရေးကြီး ပါတယ်။ ပြီးတော့ သဒ္ဓါ (ကောင်းတာ လုပ်ရင် ကောင်းကျိုး ခံစားရမည်ဟု ယုံကြည်ခြင်း)၊ သီလ (ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်း)၊ စာဂ (ပေးကမ်း လှူဒါန်းခြင်း)၊ ပညာ (ဝိပသနာ ဦးစီးသော ဥာဏ်ပညာ) အဲဒီလေးချက် ညီအောင် ကြိုးစား ရမယ်။ အဲဒီလို ပြည့်စုံအောင် ကြိုးစားမှ မိမိတို့ မျှော်မှန်းသော နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ 
ပုထုဇဉ်တို့ရဲ့ လားရာဟာ မမြဲဘူးလား မြဲလား။ မမြဲပါဘူးဒကာ၊ ဒကာမလေးတို့။ ပုထုဇဉ်သေရင် သွားရာလမ်း (၅) မျိုးရှိပါတယ်။ အဲဒီလားရာ (၅)မျိုးဟာ ဘာတွေတုန်းဆိုတော့  နတ်ပြည်၊ လူ့ပြည်၊ ငရဲဘုံ၊ ပြိတ္တာဘုံ၊ အသူရကါယ်ဘုံတွေ ရောက်နိုင်ပါတယ်။ လူ့ပြည်က ဘာကြီးနဲ့တူလည်းဆိုတော့ ရထားကြီးနဲ့ တူပါတယ်။ လက်မှတ်ကတော့ နိဗ္ဗာန်ထိယူထားကြတယ်ပေါ့။ ကိုယ်က လမ်းဆုံးအောင် ကြိုးစားပြီး လိုက်မယ်ဆိုရင် လမ်းဆုံးကို ရောက်မယ်။ အဲ... လမ်းဘူတာတွေမှာ ဖြတ်ဆင်းရင်တော့လည်း ရကြပါတယ်။ ဒုက္ခတိဘုံ သုံးဘုံ ဆင်းမိရင်တော့ သံသရာကြော မျှောကာ အဆုံးမသတ်နိုင်အောင် ဆင်းရဲကြပါမယ်။ သုဂတိဘုံတွေ ရောက်ကြမယ် ဆိုရင်တော့ မောပန်းနေတာလေးတွေ ချွေးသိပ်လို့ ခေတ္တခဏ အမောပြေလို့ ရကြပါမယ်။ အဲဒါက စိတ်တော့မချရသေးပါဘူး။ စိတ်ချရအောင်က အသင်္ခတနိဗ္ဗာန်တိုင်မှ စိတ်ချရပါမယ်။ အဲဒီလမ်းဆုံး နိဗ္ဗာန် သွားချင်ရင်တော့ဘာတွေ လုပ်ရမလဲ။ အဲဒီပြောခဲ့တဲ့ တရားလေးပါး သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးပါးကို လက်ကိုင်ထား ကြိုးစားကာ မိမိတို့ လိုလားရာ တောင့်တရာ ခရီးဆုံး နိဗ္ဗာန် ရောက်နိုင်ပါတယ်။ ကဲ... တရားလည်းနာပြီးပြီ နာတဲ့အတိုင်း တရားနဲ့ နေနိုင်တဲ့ပုဂ္ဂိုလ်များ ဖြစ်ကြ ပါစေဗျာ...
ကဲ ….ရေစက်ချမယ်
ပြုပြုသမျှ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များအား အမျှပေးဝေပါ၏။
အမျှ... အမျှ... အမျှ... ယူတော်မူကြပါကုန်လော့…..
သာဓု...
သာဓု...
သာဓု...။

*မှတ်ချက်။  ။ တစုံတရာ မှားယွင်းပါက စာရေးသူ၏ မှတ်တမ်းတင် အားနည်းမှု ကြောင့်သာ ဖြစ်ပါသည်။
“မှတ်တမ်းတင်ဓါတ်ပုံများ အဖွဲ့ဝင်များတွင် ရှိပါက သာသနာ့ရောင်ခြည်အဖွဲ့သို့ ပေးပို့စေလိုပါသည်။”
သာသနာ့ရောင်ခြည်၏ (၉) ကြိမ်မြောက် အလှူဒါန အဖြစ် မေလ (၂) ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဖွဲ့ဝင်များနှင့် ဓမ္မကျွမ်းဝင် သူတော်စင်များအား နှိုးဆော် တိုက်တွန်း လိုက်ပါသည်။

Saturday, May 15, 2010

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - (၇) ကြိမ်မြောက် အလှူတော်

“ဒီလမှာတော့ သာသနာ့ရောင်ခြည်အဖွဲ့ဟာ အင်မတန်ကို အားတက်စရာ ကောင်းလောက်အောင် ကြိုးစားခဲ့ကြပါတယ်။ စင်္ကာပူတွင်သာမက မြန်မာပြည်မှာပါ အလှူတခုကို ထပ်တိုးပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။” 

- ၁၃၇၁ တပို့တွဲလပြည့်ကျော် ၉ ရက် - တနင်္ဂနွေနေ့
- 7 February 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ.သားများ၏ အမိမြေမှာ ပထဆုံးအလှူအဖြစ် မန္တလေးမြို.၊ ရှမ်းဝိုင်းရပ်ကွက်၊ ဒါနပတိအရုဏ်ဆွမ်းကပ်အသင်းမှ ကြီးမှူး ဆက်ကပ်သည့် (၁၁၄) ကြိမ်မြောက် အရုဏ်ဆွမ်း အတွက် အလှူရှင်အနေနဲ့ ကုသိုလ်ဒါန ပြုခဲ.ကြပါတယ်။ ရှမ်းဝိုင်းရပ်ကွက်မှ လူငယ်များ၊ အမျိုးသမီးများ၊ ကလေးသူငယ်များပါမကျန် လုပ်အားဒါန ပေးလှူကြသည်မှာလည်း မန္တလေးဆောင်းရဲ. အရိုးကွဲမတတ် အေးသော တပို.တွဲလကို မေ့လျော့နေကြသည် အထိ တက်တက်ကြွကြွ ရှိလှပါတယ်။ အရုဏ် တက်ပါပြီ ဆိုကတည်းက ရပ်ကွက်ဝန်းကျင် ကျောင်းတိုက်အသီးသီး (မြတောင်တိုက်၊ ဝေယံဘုံသာတိုက်၊ ပတ္တမြားတိုက်၊ ဝိသုဒ္ဓါရုံတိုက်၊ ကင်းဝန်မင်းကြီးတိုက်၊ မစိုးရိမ်တိုက်သစ်/တိုက်ဟောင်း) များမှ စာသင်၊ စာချ ဆရာတော်များ၊ သာသာနာ့ရင်သွေးငယ် ကိုရင်ငယ်လေးများ ကြွရောက်လာကြသည်။ များပြားလှသော သံဃာထုမှာ နေရာထိုင်ခင်း မလစ်လပ်ရအောင် တစ်ပါးဝင်တစ်ပါးထွက်  ဘုဉ်းပေးလိုက်တာ ပံ့သကူဝက်သား အချိန်သုံးဆယ် နဲ့ ဆွမ်းဆန် (၄၃)ပြည် ကုန်တဲ့အထိပါဘဲဗျာ။
စာသင်တိုက်သံဃာတော်တွေရဲ. အရုဏ်ဆွမ်း ခက်ခဲမှုတွေကို တဖက်တလှမ်းမှ ဖြည့်ဆည်းပေးနေသော “ဒါနပတိ”လို အသင်းတွေ စာသင်သားသံဃာပေါများသော မြို.အသီးသီးမှာ ရှိဖို့လိုအပ်သလို ထောက်ပံ့ ပေးနေသော “သာသနာ့ရောင်ခြည်” လို လူငယ်အသင်းတွေလည်း များစွာ လိုအပ်လှပါတယ်။ မြတ်စွာဘုရားရှင် သာသနာတော်ကို အခုလို ဆရာတပည့် လက်တွဲညီညီ ကြိုးစားပါမှ သာသနာ အရှည်တည်ပါမယ်။ သာသနာ အရှည်တည်ပါမှ မဂ်လေးတန်၊ ဖိုလ်လေးတန်တရားများ အရှည်တည်ပါမယ်။ မဂ္ဂင်ရှစ်ပါးတရား တည်တံ့မှသာ ဗုဒ္ဓဘာသာ သူတော်စင်တို့လိုလားရာ၊ တောင့်တရာ ရွှေပြည်နိဗ္ဗာန် စခန်းတက်လှမ်း  သံသရာလမ်းဆုံး  ဒုက္ခသုဉ်းပါမယ်။

လှူဖွယ်ပစ္စည်းဒါနအစုစုနဲ့ မှတ်တမ်းတင်ဓါတ်ပုံများအား ကြည်ညိုရင်း ပုဗ္ဗ၊ မုဉ္စ၊ ပရစေတနာဦးစီးသော ပရစေတနာကို အဖန်တလဲလဲ ဆင်ခြင်ကာ အာစိဏ္ဏကံ ကုသိုလ်များ ရရှိပြီး  ပြည်နိဗ္ဗာန် တက်လှမ်း နိုင်ကြပါစေ။

ဓမ္မာရုံရှေ့။

ကြက်သွန်ကြော်။

ဝက်သားဟင်း။

ဝက်သား၊ သရက်သီးသုပ်၊ ပဲချက်။

ဓမ္မာရုံရှေ့မှ နေရာထိုင်ခင်း။

ဓမ္မာရုံအတွင်းပိုင်းတွင် ဘုဉ်းပေးနေသော သံဃာတော်များ။

ဓမ္မာရုံရှေ့တွင် ဘုဉ်းပေးနေသော သံဃာတော်များ။

ရပ်ကွက်လူငယ်များမှ ဝေယျာဝစ္စပြုလုပ်နေပုံ။

အရုဏ်ကျင်း အလင်းရောက်သည်အထိ ဆွမ်းလောင်းခဲ့ကြပါတယ်။
ကျွန်တော်တို့အဖွဲ့ရဲ့ ငွေဒါန၊ ရပ်ကွက်စေတနာရှင်များရဲ့ လုပ်အားဒါန ပူးပေါင်းကာ သာသနာတော်ကို ထောက်ပံ့နိုင်ခဲ.တာ ကြည်နူးမဆုံး ဖြစ်မိပါတယ်။ (စုစုပေါင်း အလှူငွေ စင်္ကာပူဒေါ်လာ ၃၀၀ ကုန်ကျကာ သံဃာတော် အပါး (၆၀၀) ခန့် ဆွမ်းကပ်လှူနိုင်ခဲ့ပါတယ်။)
- - - - - - - - - - - - - - - - - - - - -
- ၁၃၇၁ တပေါင်းလပြည့်ကျော် ၁ ရက် - တနင်္ဂနွေနေ့
- 28 February 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ရဲ့ (၇)ကြိမ်မြောက် အလှူတော်ကို ဒီလမှာပဲ Clementi ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်နေကျ အစီအစဉ်အတိုင်း အဖွဲ့ဝင်စုံစုံညီညီနဲ့ နေ့ဆွမ်းကပ်ခဲ့ပါတယ်။ အဖွဲ့သားများနှင့်အတူ ထိုနေ့တွင် ဘုန်းတော်ကြီးကျောင်းကို လာရောက်ကြသော ဓမ္မမိတ်ဆွေများအားလည်း နေ့လည်စာများနှင့် ကျွေးမွေးခဲ့ပါတယ်။ ကျောင်းဝေယျာဝစ္စအတွက် အလှူငွေ ထည့်ဝင်လှူဒါန်းကာ ရေစက်ချ တရား နာကြား ခဲ့ကြပါတယ်။

ဟင်းရှိရာ စုရုံးနေကြသော အဖွဲ့ဝင်များ။

လာနိုင်ခဲလိုက်တဲ့ ဟင်းရယ်။

အော် ...... ရောက်လာပါပြီ။

ကြွရောက်လာမယ့် ဧည့်သည်များ အတွက် ပြင်ဆင်ပေးနေသော အဖွဲ့ဝင်များ။

အချိုပွဲကလည်း ဟောဒီလို အရန်သင့်ဗျာ။

စုံမှ စုံပဲနော်။
လာမည့် (၈) ကြိမ်မြောက် အလှူတော်ကိုလည်း Clementi ကျောင်းတော်မှာ မတ်လ (၂၈)တွင် ပြုလုပ်မည်ဟု တိုင်ပင်ခဲ့ကြပါတယ် ခင်ဗျား။

Thursday, May 13, 2010

သာသနာ့ရောင်ခြည်အဖွဲ့(စင်္ကာပူ) - ဆဌမအကြိမ် အလှူတော်

- ၁၃၇၁ ခု တပို့တွဲလပြည့်ကျော် ၂ ရက် - တနင်္ဂနွေနေ့
- 31 January 2010 - Sunday
သာသနာ့ရောင်ခြည်အဖွဲ့ (စင်္ကာပူ) - ဆဌမအကြိမ် အလှူတော်ကို “Clementi ဘုန်းတော်ကြီးကျောင်း” တွင် ဆွမ်းဆက်ကပ် အလှူပြုလုပ်ပြီး လှူဖွယ်ပစ္စည်းများ အား လှူဒါန်းမှု ပြုလုပ်ခဲ့ကြပါသည်။ အားလုံးသော အဖွဲ့ဝင်အပေါင်းနှင့် ဖိတ်ကြားထားသူများ စုံစုံလင်လင် တက်ရောက် ကြပြီး အတူတကွ အလှူ ရေစက်ချကာ ဗုဒ္ဓတရားတော်များ နာယူခဲ့ကြပါတယ်။

အလှူတော်အတွက် လှူဒါန်းမှု ပြုလုပ်ထားကြသည့် အလှူရှင်များအား အောက်ပါစာရင်းတွင် ကြည့်ရှုပြီး သာဓု အနုမောဒနာ ခေါ်ယူ ၀မ်းသာနိုင်ကြပြီ ဖြစ်ပါတယ်။

     နာမည်                အလှူငွေ (စင်္ကာပူ ဒေါ်လာ)
ကိုကျော်သူမြင့်                    = ၁၀
ကိုမြင့်ဇော်                         = ၁၀
မတင်မာဝေ                       = ၁၀
မကေသီစိုး                         = ၁၀
ကိုထွန်းကျော်                      = ၂၀
ကိုအောင်မြတ်ကျော်              = ၂၀
ကိုသက်နိုင်ဝင်း                    = ၂၀
ကိုထွန်းထွန်းကျော်                = ၂၀
ကိုကျော်ကျော်သောင်း           = ၂၀
မဥမ္မာမြင့်                           = ၂၀
မစုမွန်                               = ၂၀
မအေးမွန်သူ                        = ၂၀
မတင်တင်ချို                        = ၂၀
ကိုခင်မောင်သန်း+မခင်ခင်နွယ် = ၃၀
ကိုဇင်မင်းငြိမ်း+မခင်မာဝင်း     = ၃၀
ကိုအောင်ခင်ဇော်                 = ၃၀
ကိုအောင်မြင့်နိုင်                  = ၃၀
ကိုအောင်မြင့်                      = ၃၀
မခင်ငြိမ်းချမ်း                      = ၃၀
                                   -----------------
စုစုပေါင်း                           = ၄၀၀.၀၀ (စင်္ကာပူဒေါ်လာ)

ယခင်လက်ကျန်ငွေ              = ၄၆၀.၃၇ စင်္ကာပူဒေါ်လာ
စုစုပေါင်းရရှိအလှူငွေ           = ၈၆၀.၃၇ စင်္ကာပူဒေါ်လာ

***မှတ်တမ်းတင် ဓါတ်ပုံများမှာ ကျွန်တော်တို့၏ အားနည်းချက်ကြောင့် ရှာ၍မရ ဖြစ်နေပါသည်။
အကယ်၍ အဖွဲ့ဝင်တဦးဦးတွင် မှတ်တမ်းများ ရှိနေပါက ပေးပို့စေလိုပါသည်။***